အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၃)
သာသနာ့ထီးရိပ် တစ်ခုထဲအောက်မှကွဲပြားခြားနားမှု
အထက်မှ ဖော်ပြခဲ့သော မာလီကီ၊ ရှာဖီ၊ ဟမ်ဘလီ ဂိုဏ်းသုံးဂိုဏ်း ထက်ပို ၍ စောခဲ့သော အေမန် အဘူဟနီဖာ၏ ဂိုဏ်းတွင် ရေသတ္တဝါ များနှင့် စပ်လျှင်း၍ စားသုံး ခွင့်ကို အထက်မှ ဂိုဏ်းသုံးဂိုဏ်း ကဲ့သို့ အခွင့် အရေးများ မရရှိခဲ့ပေ။ ဥပမာ ဟန်နဖီ ဂိုဏ်းဝင်များ အတွက် ပုစွန် စားခြင်း ပင်လျှင် မစား ထိုက် ဟူ၍ ဆို ထားသည်။ ဂဏန်း၊ ပြည်ကြီးငါးနှင့် အခြားသော ရေသတ္တဝါ တို့မှာ လုံးဝ စားပိုင်ခွင့် မရှိပေ။
ဤသည့် အချက်လေး တစ်ချက် နှင့်ပင် ကုရ်အာန် ၄း၈၂ ပါ လူသား တို့၏ လူရေးကျမ်း များနှင့် လူရေးဥပဒေ များဟူသည် ကွဲပြားခြားနား မည်သာ ဖြစ်သည် ဟူသော အချက်သည် မြေကြီး လက်ခတ် မလွဲ မှန်ကန်လျှက် ရှိနေပေသည်။ တစ်ပါး တည်းသော အရှင်ကို ကိုးကွယ်သူ အချင်းချင်း တစ်ဦး တည်းသော တမန် တော်၏ နောက်လိုက် အချင်းချင်း တစ်ဆူတည်း သော ကုရ်အာန် လမ်းညွှန် ကျမ်းကို လက်ခံ ယုံကြည်သူ အချင်းချင်း တစ်ဦး စားခွင့် ရှိသော အစားအစာနှင့် တစ်ဦး ပြုပိုင်ခွင့် ရှိသော အရာများသည် အခြားသူများ အတွက် စားခွင့်၊ လုပ်ခွင့် မရရှိ ကြပေ။ အစ္စလာမ် သာသနာ ဟူသော ထီးရိပ်တစ်ခု ထဲအောက်မှ မွတ်စလင်မ် များသည် တူညီ သော အခွင့်အရေး များ ကို မရ ရှိကြ ခြင်းမှာ လူရေးကျမ်း မူဝါဒများ၊ ဂိုဏ်းဂန ဝါဒများ၊ ကျောင်းတော် ဝါဒများ၊ ဆရာ့ ဆရာများ၏ ဝါဒလမ်းစဉ်များ ကြောင့်ဖြစ်သည်။ ဤသည် ကုရ်အာန်က အထပ်ထပ် တားဆီး ပိတ်ပင် ခဲ့သော ရှေးကျမ်းရများ နည်းတူ သာသနာပိုင် ဝါဒနှင့် ဂိုဏ်းဂန ဝါဒများ ကြောင့်ဖြစ်သည်။ ကုရ်အာန်က ဂိုဏ်းဂန ဝါဒများ အပေါ် မည်ကဲ့သို့ ဆိုထားသနည်း။
ကုရ်အာန် ၃၀း၃၂ တွင်
(၎င်းတို့ အနက်မှ ထိုသူတို့သည် မိမိတို့၏ သာသနာကို အစိပ်စိပ် အမွှာမွှာ ပြုလုပ်ခဲ့ ကြပြီး ဂိုဏ်းဂန အသီးသီး ဖြစ်သွား ကြကုန်၏။ ထိုဂိုဏ်းဂန အသီးသီး တို့သည် မိမိတို့ လက်ခံကျင့်သုံး သောဝါဒ လမ်းစဉ်များ နှင့်ပင် ကျေနပ် ဝမ်းမြောက်လျှက် ရှိကြကုန်၏)
ကုရ်အာန် ၆း၁၅၉ တွင်
(ဧကန် ၎င်းတို့သည် သာသနာကို အစိပ်စိပ် ခွဲပြစ် ကြကုန်၏။ ထို့နောက် ၎င်းတို့သည် ဂိုဏ်းဂန အသီးသီးဖြစ် သွားကြ၏။ အိုတမန်တော် အသင်သည် ၎င်းတို့နှင့် မည်သို့မျှ မပတ်သက်ပေ။)
မည်သည့် ဘာသာ သာသနာတွင် မဆို မိမိတို့၏ အခြေခံ မူဝါဒ ဖြစ်သော တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်၏ ဗျာဒိတ်ကျမ်းဂန် ကပင်လျှင် စည်းလုံး ညီညွှတ်သော လူ့အဖွဲ့ အစည်းကြီး တစ်ခုကို တည်ဆောက်ပေးသော ဝါဒလမ်းစဉ်ဖြစ်သည်။ ဗျာဒိတ် ကျမ်း၏ အခြေခံ နိယာမသည် ကွဲပြားခြားနား၍ အယူဝါဒ မ တူ သူများကို တူညီသော လမ်းညွှန်မှု အရ တူညီသော အခွင့်အရေး များကို တပြေးညီ ခံစားခွင့် ပေးထားသည်။ ထို မှန်ကန်သော ဗျာဒိတ် ကျမ်းဂန်ဝါဒမှ လူသားတို့၏ အယူဝါဒများ စွက်ဖက် လာသည်နှင့် စည်းလုံး ညီညွှတ်သည့် လူ့ အဖွဲ့အစည်း ကြီးအဖြစ်မှ ကွဲပြားခြား နားသောဂိုဏ်း ကွဲများဖြစ်ကြသည်ပင်။ မိမိတို့၏ အယူဝါဒ ဂိုဏ်းသည်သာလျှင် ပိုမိုမှန်ကန် သည်ဟု ယုံကြည်လာ ကြသည်နှင့် အတူ ထိုအယူ ဝါဒများကို မျိုးဆက်သစ်များ အား ဆက်လက်၍ ထိရောက်စွာ အမွေပေး နိုင်ရန်အတွက် ကျောင်းများဖွင့်၍ ထိုဝါဒ လမ်းစဉ်များကို အကွက်ချ၍ တိုးပွား စေခဲ့ကြ သည်။ ထိုမျိုးဆက်သစ်များ အချင်းချင်း အတွင်း၌ မတူညီသော မိမိတို့၏ ကျောင်းတော် ဝါဒ၊ ဂိုဏ်းဂနဝါဒ၊ ဆရာ့ ဆရာများ၏ မတူညီသော ဝါဒများကြောင့် အချင်းချင်းအတွင်း၌ အငြင်း ပွားမှု၊ တဖက်ကို တဖက်ထိုးနက်မှု တို့ ကြောင့် အလွန်တရာမှ တိုတောင်း လှသော လူ့ဘဝ အတွင်း စစ်မှန်သော ဘဝလမ်းညွှန်မှု ကုရ်အာန်ကို သိနား လည်ခွင့်ပင် မရရှိခဲ့ကြပေ။ ထိုကဲ့သို့သော ဆိုးမွေများသည် ခေတ်အဆက်ဆက် လွှမ်းမိုးလာမှု ကြောင့် ဘာသာရေး ဆိုင်ရာ ကျောင်းများမှ ပေါ်ပေါက် လာကြ သော ပညာရှင်များမှာ ကုရ်အာန်ထက် သာပို၍ လူရေးကျမ်းများကို ပိုမို၍ တတ်သိ နားလည်သော လူရေးကျမ်း တတ်ပညာရှင်များ ဖြစ်လာကြ၏။ ၎င်းတို့ အတွက် ၎င်းတို့၏ ကျောင်းများမှ သင်ကြား ပေးလိုက်သော လူရေးကျမ်း အားလုံး၏ တူညီသော အချက် တစ်ချက်မှာ၊
(ကျမ်း တစ်ကျမ်း နှင့် အခြားကျမ်း တို့၏ စပ်ကြား ၌ လည်း ကောင်း၊ ကျမ်း တစ်ကျမ်း အတွင်း၌ တွင် လည်းကောင်း၊ ကျမ်း တစ်ကျမ်း ထဲပါ၊ ကဏ္ဍ တစ်ခုထဲ အတွင်း၌ သော်လည်း ကောင်း ကွဲပြား ခြားနား ၍ တူညီမှု မရှိသော အချက်ဖြစ်သည်။)
ထိုသို့သော အကြောင်း များကြောင့် လူရေးကျမ်းတတ် ပညာရှိခေါင်းဆောင် များသည် အများမွတ်စလင်မ် တို့အား စည်းလုံး ညီညွတ်စေသော လူ့အဖွဲ့ အစည်းကြီး အဖြစ် တည်ဆောက် နိုင်ရန် အတွက် အချိန် မရခဲ့ကြပေ။ လူရေးကျမ်းတတ် ပညာရှင် အချင်းချင်း မတူညီသော ဂိုဏ်းဂန ဝါဒ များကြောင့် အ ချင်းချင်း စွပ်စွဲပုပ်ခတ် လာခဲ့ကြ ရာမှ ယနေ့မျက်မှောက် ခေတ်တွင် မတူညီသော ဂိုဏ်းများကို အခြေခံ၍ အများ မွတ်စလင်မ် နောက်လိုက်များ အတွင်း အချင်းချင်း လူသတ်ပွဲများ ကျင်းပလျှက် ရှိနေသော အခြေနေသို့ ပင် ရောက် ရှိနေပေသည်။ ထိုကဲ့သို့ဖြစ် ရခြင်းသည် မွတ်စလင်မ် အများစုကို ခေါင်းဆောင်သော ရှေ့ဆောင် ဆရာတော် ပုပ်ရ ဟန်းကြီးများ အတွင်း ကုရ်အာန်ပါ အခြေခံ မူဝါဒလမ်းစဉ်ကို တမန်တော်မြတ်နည်းတူ မဟာသာဝက များ နည်း တူ၊ အဂ္ဂမဟာ သာဝကများ နည်းတူ လိုက်နာကျင့်သုံး နိုင်မှုမရှိဘဲ မိမိတို့၏ ကျောင်းတော် ဝါဒများ ဂိုဏ်းဂန ဝါဒများနှင့် ဆရာ့ဆရာများ ၏ အဆိုအမိန့်များကိုသာ စွဲစွဲမြဲမြဲ ဆုပ်ကိုင် ထားကြခြင်း များကြောင့် ဖြစ်သည်။ ထို့အတွက်ကြောင့် ကုရ်အာန် ၃း၁၀၃ တွင်
(အသင်တို့ ကျမ်းမြတ်ကုရ်အာန် ပါလမ်းညွှန် ချက်များကို စွဲမြဲစွာ လိုက်နာ ကျင့်သုံးကြ အသင်တို့ အချင်းချင်း စိတ်ဝမ်း မကွဲကြလေနှင့်) ဟူသောအမိန့်နှင့် တိုက်ရိုက် ဆန့်ကျင်လျက် ကုရ်အာန်မှ လွဲ၍ လူရေးကျမ်းပါ မူဝါဒ များကို စွဲကိုင်ထားကြခြင်းဖြင့် အချင်းချင်း စိတ်ဝမ်းကွဲလျှက် ရန်သူများအဖြစ် တည်ရှိနေကြသည်။
ကုရ်အာန်ကို ဟဒီးဆ်သမိုင်းကျမ်းများဖြင့်ဖွင့်ဆိုရာဝယ်
ကမ္ဘာတစ်ဝှမ်းတွင် ကုရ်အာန် မကျရောက်မီ အချိန်က နေသည် အရှေ့ အ ရပ် မှထွက်၍ အနောက် အရပ်သို့ ငုံ့လျှိုး ဝင်သွားသည်။ နောက်တစ်ရက် ပြန်လည်ထွက်သည်။ ကမ္ဘာတွင် နေသည် လုံးဝ တစ်ည ပျောက်ကွယ် သွားသည် ဟူ၍ လူတိုင်း လက်ခံ ထားလေသည်။ အများ နည်းတူ အာရဗ်များ သည် လည်း ထိုကဲ့သို့ လက်ခံထား ကြမည် ဖြစ်သည်။ ဤသည့် အချက်ကို မှားယွင်း နေကြောင်း တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်က ကျမ်းမြတ်ကုရ်အာန် ၃၆း၃၈ တွင် နေသည် ဝင်ခြင်း ထွက်ခြင်းမရှိ ၎င်း၏ လမ်းကြောင်းတွင် သွားလာနေ သည် ဟူ၍ အသိပေး မိန့်ကြားခဲ့ ခြင်းဖြစ်သည်။ ဤအသိကို ပထမဦးဆုံး စတင် ရခဲ့သူမှာ တမန်တော် မြတ် ဖြစ် သည်။ တမန်တော်မြတ်မှ တဆင့် လူသား တစ်ရပ်လုံးကို ကုရ်အာန်၏ အသိကို တဆင့်ပို့ချ ပေးခဲ့ခြင်းဖြစ်သည်။ ကျမ်းမြတ် ကုရ်အာန်ကို မူရင်းအတိုင်းမှ ဘာသာပြန် ဖွင့်ဆို သောကျမ်းများသည် တမန်တော် မရှိတော့သည့် နောက် ပိုင်း နှစ်ပေါင်း (၇၀၀) ဝန်းကျင်တွင် လှိုင်လှိုင် ပေါ်ထွက်လာ ခဲ့သည်။ ထိုဖွင့်ဆိုချက် များကို အထက်မှ ဖော်ပြခဲ့ ပြီး ဖြစ်သော တမန်တော်နှင့် နှစ်ပေါင်း နှစ်ရာမှ ငါးရာကျော် နောက်ပိုင်း ပေါ်ပေါက်ခဲ့သော ဟဒီးဆ်သမိုင်း ကျမ်းများနှင့် ဖွင့်ဆိုခဲ့ကြသည်။
ကုရ်အာန် သဖ်စီရ် လောကတွင် အများ သဖ်စီရ်ပညာရှင် များက ထပ်တူ ထပ်မျှ ပြန်လည် ကူးယူ ဖွင့်ဆိုကြ ရသော လက်ရွေးစဉ် သဖ်စီရ် ကျမ်းကြီး များစွာရှိ ခဲ့သည်။ ထိုကျမ်းများ အနက် အကျော်ကြားဆုံး အာရဗီမူရင်း သဖ်စီကျမ်း ကြီးများတွင် အထက်ပါ ကုရ်အာန် ၃၆း၃၈ နေသည် ၎င်း ၏လမ်း ကြောင်းတွင် သွားလာ နေခြင်းကို ဘိုခါရီ ဟဒီးဆ်သမိုင်း ကျမ်းပါ ဟာဒစ်(၁၀)ပုဒ်ဖြင့် ပြန်လည်ဖွင့်ဆိုထား သည်ကို တွေ့ရပေသည်။ နေသည် အရှေ့အရပ်မှ ထွက်၍ အနောက် အရပ်သို့ ငုံ့လျှိုးသွားပြီး အရှင်၏ ပလ္လင်အောက် တွင် တစ်ည အိပ်၍ နောက်တစ် ရက်မှ အရှင့် အမိန့်ဖြင့် ပြန်လည်ထွက်သည်ဟူသော ဟဒီးဆ်သမိုင်းကျမ်း အရ ဖော်ပြ ခဲ့သည်။ ထိုဟဒီးဆ်များကို တမန်တော် အမှန်ပင်ပြော ခဲ့ပါသည်ဟု ဆိုပါလျှင်လည်း အထက်ပါ ကုရ်အာန် ၃၆း၃၈ မကျရောက်ခင် အလျှင်က အာရဗ်တစ်ဦးဖြစ်သော တမန်တော်က အများ အာရဗ် များကဲ့သို့ ယူဆ ပြောဆိုခြင်း လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ယခုကဲ့သို့ ကုရ်အာန် ကျရောက်ပြီးမှ ကုရ်အာန်၏ အခြေခံ မူဝါဒနှင့် တက် တက်စင် လွဲချော် နေသော အကြောင်းအရာ တစ်ခုကို မွတ်စလင်မ်များက ဆက်လက်၍ ဆွဲကိုင် ထားခြင်းဖြင့် မည်သို့မျှ အကျိုး သက်ရောက် နိုင်မည် မဟုတ်ပေ။ ဖော်ပြပါ ဟဒီးဆ်သမိုင်း ကျမ်းရှင် အားလုံးက ၎င်းတို့ စုဆောင်း ရရှိ ချက်များ သည် Hear Say “ရေဝါယသ်” ဆင့်ကဲဆင့်ကဲ ကြားသိချက် များဟု မူလ ကပင် ၎င်းတို့၏ ကျမ်းများ တွင်ဖော်ပြ ထားပြီးဖြစ်သည်။
လွန်ခဲ့သော နှစ် နှစ်ဆယ် ဝန်းကျင်က မြန်မာနိုင်ငံတွင် နိုင်ငံသားကဒ် လျှောက်ထား ရာ၌ မိခင် ဖခင် တို့၏ အဘိုးအဘွား များ၏ အကြောင်းအရာ များကိုပင် တိတိ ကျကျ မသိရှိသူ ဦးရေ မြောက်များစွာ ရှိနေပေသည်။ ယခုကဲ့သို့ နှစ်ပေါင်း နှစ်ရာကျော် အလျှင်က အဖြစ်အပျက် အကြောင်း အရာ များကို စာရွက် ပေရွက်များဖြင့် မှတ်တမ်း တင်ထားခြင်း မရှိဘဲ တဆင့်ပြီး တဆင့် လူမျိုးဆက်ပေါင်း (၇)ဆက်တို့၏ အ လွတ် ကျက်မှတ်ချက် အကြောင်း အရာများသည် မည်မျှ မှန်ကန် ပါသည်ဟု မည်သူမျှ အာမခံနိုင်မည် မဟုတ်ပေ။ အဆိုများ မှန်၏ မမှန်၏ ဆိုသည်ကို “ဖုရ်ကန်” ဟုခေါ်သော ကုရ်အာန်၏ အရှိတရား စံများဖြင့် စမ်းစစ်၍ ကြည့် ရ မည်မှာ မွတ်စလင်မ် တိုင်းအတွက် တာဝန် တစ်ရပ်ဖြစ်သည်။ ယနေ့လူသား တို့၏ ဥပဒေများတွင် ပင်လျှင် တဆင့် ကြားသော စကားကို ဥပဒေ အခေါ် Hear Say ဖြင့် တရားရုံးများတွင် သက်သေ လိုက်၍ မရတော့ပေ။ ထို့ကြောင့် ကျမ်းမြတ် ကုရ်အာန် တစ်အုပ်လုံး တွင် ပါဝင်သော အာယာသ်များကို အာယာသွလ် ကုရ်အာန်ဟုဆိုသည်။ အာယာသ်ဟူသည် အလ္လာဟ်၏ ဗျာဒိတ် ဖြစ်သည်။ အဓိပ္ပါယ်မှာ လက္ခဏာ ဖြစ်သည်။ အာယာသ် တစ်ခုတိုင်းသည် ဖန်ဆင်းရှင် ရှိနေကြောင်းကို ဖော်ညွှန်း လျှက်ရှိနေသည်။ တမန်တော်၏ သြဝါဒဟု ခေါ်ဆိုသော ဟဒီးဆ်များကို ဟဒီးဆ် နဗဝီဟုသာ ခေါ်ဆိုကြသည်။ မည်သည့်ကဝိ အကျော် အမော် ပညာရှင်များကမျှ အာယာသ်သွလ်နဗီဝီ ဟု မခေါ်ဆိုကြပေ။ ဟဒီးဆ်ဟူသည် ပြောစကားကို ခေါ်ဆိုခြင်း ဖြစ်သည်။ အယူဝါဒ ရေးရာပြဿနာ တစ်ရပ် ရင်ဆိုင် လာပါက ကုရ်အာန်တွင် တည်ရှိ နေသော အရှိ တရားများနှင့် စပ်လျှင်းပြီး မည်သည့်အယူ မည်သည့်ဝါဒ ကမျှ ကျော်လွန်၍မရနိုင်ပေ။ ကုရ်အာန် သည် Supreme Law အခြေခံ ဥပဒေဖြစ်သည်။ ထိုဥပဒေ၏ အထက်တွင် မည်သူမျှ မရှိစေရ တမန်တော်သည် ပင်လျှင် ထိုကုရ်အာန် ဥပဒေ၏ အထက်တွင် မရှိခဲ့ပါဟု ကုရ်အာန်က ဆိုထား ပြီးဖြစ်သည်။ သို့ဆိုလျှင် တမန်တော် မရှိတော့သည့် နောက်ပိုင်း နှစ်ပေါင်း နှစ်ရာမှ ငါးရာကျော် လူသား မျိုးဆက် ပေါင်း(၇) ဆက်တို့က အလွတ် ကျက်မှတ် ချက်များသည် ကုရ်အာန်၏ ဥပဒေကို မည်ကဲ့သို့ ကျော်ပိုင်ခွင့်ရှိ မည် နည်း။
ဆက်လက်တင်ပြပါဦးမည်။
ဦးစီုးလွင်(ငြိမ်းချမ်းလျင်စစ်)

















No Comments Yet
There are no comments yet. You could be the first!
Write comment