အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၈)
တမန်တော်မုဟမ္မဒ်ကို မြင်တွေ့ကြရာ၌
အဟ်လေဟဒီးဆ် အခြေခံ မူဝါဒများကို ကုရ်အာန်ထက်ပို၍ လေ့လာလိုက်စား လက်ခံယုံကြည် လာကြသော ယနေ့ခေတ်သစ် မွတ်စလင်မ် အများစုသည် တမန်တော်မု ဟမ္မဒ်ကို မြင်တွေ့ရာ ၌လည်းကောင်း၊ ကုရ်အာန် ကျမ်းမြတ်ကို မြင်တွေ့ကြရာ၌ လည်းကောင်း၊ အစ္စလာမ့် အတိတ်သမိုင်းများကို မြင်တွေ့ကြရာ၌ လည်းကောင်း၊ ဟဒီးဆ် ကျမ်းများပါ သမိုင်းရေး ဆရာများ၏ အဆိုအမိန့် ရှုဒေါင့် အထွေထွေကို အခြေခံ၍ ဆန်းစစ်လက်ခံ ယုံကြည် လာကြသည်။
ထိုခေတ်အဆက်ဆက်ပေါ်ပေါက် လာခဲ့သော သမိုင်းကျမ်းများပါ အဆိုအမိန့် များသည် ကျမ်းအချင်းချင်း အတွင်း၌ သော်လည်းကောင်း ကျမ်းတစ်ခုတည်းအတွင်းရှိ အဆိုအ မိန့်အချင်းချင်း အတွင်း၌သော်လည်းကောင်း၊ ကွဲပြားဆန့်ကျင်သော အဆိုပေါင်းများစွာ ပါဝင်လေသည်။ ထိုကွဲပြားဆန့်ကျင်သော မူဝါဒလမ်းစဉ်များကို ကျမ်းမြတ်ကုရ်အာန်ပါ အခြေခံဥပဒေများ ထက်ပိုမို လက်ခံယုံကြည်ကြသော ရှေ့ဆောင်မွတ်စလင်မ် ဆရာတော် ကြီးများသည်၊ ၄င်းတို့အချင်းချင်းအတွင်း၌ ငြင်းခုံလျှက် ဂိုဏ်းဂဏပေါင်းများ စွာ ပေါ်ပေါက် လာခဲ့ရသည်။ ထိုခေါင်းဆောင်များ ၏ နောက်လိုက်အများ မွတ်စလင်မ်တို့သည် လည်း မတူညီသော ခေါင်းဆောင်များ၏ ဝါဒလမ်းစဉ်များကြောင့် အချင်းချင်း စိတ်ဝမ်းကွဲ လျှက် စည်းလုံးညီညွတ် မှု ပြိုကွဲပျက်ဆီး ကြ ရသည်။
များစွာသောရှေ့ဆောင် မွတ်စလင်မ်ဆရာတော်ကြီးများသည် ထိုကဲ့သို့မတူညီသောဂိုဏ်း ဂဏပေါင်းများစွာဖြစ်တည် လာရခြင်းကိုပင် တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်၏ မူလကတည်း ကချမှတ်ပြ ဌာန်းပေးခဲ့သော ဘဝတည်ဆောက်မှု ဥပဒေကြီးအဖြစ်စွဲကိုင်လာသူများဖြစ် လာကြသည်။ ထိုအစဉ်အလာကြီးသည်ခေတ်ကာလ ကြာညောင်းလာသည်နှင့် အမျှ မွတ်စလင်မ်တို့၏ နှလုံး သည်းပွတ်တွင် ကုရ်အာန်၏ အဆင့်အတန်းသည်လည်း၊ စ ကြဝဌာဆိုင်ရာ စွယ်စုံဥပဒေကျမ်းကြီးအဖြစ်မှ လဘ်လာဘတိုးပွားရုံ သက်သက်လောက် သာ အသံထုတ် နှုပ်တိုက်ရွတ်ဆိုရသော “ဂါထာမန္တန်” ကျမ်းစာအုပ် အဆင့်သို့ ချမှတ်ယုံကြည် ခဲ့ကြလေသည်။
ယနေ့ မျက်မှောက် ခေတ်တွင် များစွာသော မွတ်စလင်မ် ဆရာတော် ကြီး များအတွင်း တွင် ကုရ်အာန်သည် လူ့ဘဝ တည်ဆောက်မှု လမ်းစဉ်ကြီး ဖြစ်သည်ဟူသော အချက် ကိုပင် သိရှိ သူ များ ရှားပါးသွားသည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် ထိုမွတ်စလင်မ် ဆရာတော်ကြီးများက မွတ်စလင်မ်များအတွက် ဟောကြားသော တရားများပြော ကြားသော စကားများ ရေး သားသောစာအုပ်များ အားလုံးသည် ၄င်းတို့၏ ကျောင်းများမှ သင်ကြားပေးလိုက်သော ကျောင်းတော်ဝါဒများနှင့် ဂိုဏ်းဂဏ၀ါဒများ သာဖြစ် သည်။ ၄င်းတို့သိရှိထားသော တမန်တော် မုဟမ္မဒ် နှင့် တုနှိင်းမဲ့ ကိုးကွယ်ရာအရှင်က ကုရ်အာန် တွင် ဖေါ်ပြထားသော တမန်တော်မုဟမ္မဒ်သည် လုံဝဥဿုံကွဲပြားခြားနားချက်များရှိနေ သည် ကိုတွေ့ရပေသည်။ တမန်တော်မုဟမ္မဒ် သည် ကုရ် အာန်အရ မည်သည့်လူသား တစ် ဦးတစ်ယောက်ကိုမျှ ၄င်း၏မျိုးးရိုးဗီဇ ဖြစ်သော အာရဗ်ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်း များကိုသင်ကြားပေးခဲ့ခြင်း အလျှင်းမရှိခဲ့ပေ။ ကုရ်အာန် ၏ လမ်းညွှန်ချက်ရောက် ရှိပြီး နောက်ပိုင်းတွင် ရှိရင်းစွဲ အာရဗ်ရိုး ရာယဉ်ကျေး မှု ဓလေ့ ထုံးတမ်း မြောက်များစွာ ကိုပင် ပယ်ဖျက်ခဲ့ကြောင်း ကုရ်အာန်၏ မှတ်တမ်းတွင် တွေ့ ရှိ ရ ပေသည်။
ကုရ်အာန်တွင် တမန်တော် မုဟမ္မဒ်သည် လူသားတစ်ရပ်လုံး အတွက် စံပြဖြစ်သည်။ ထိုစံအတိုင်း လူသားတစ်ရပ်လုံးက ဘဝတည်ဆောက် နှိုင် ကြရန်အတွက် တမန် တော် မုဟမ္မဒ်၏ အရည်အချင်း များကို မီးမောင်းထိုး ပြထားသည်။ ကုရ်အာန် ၆၈း၎တွင် –
وَإِنَّكَ لَعَلَىٰ خُلُقٍ عَظِيمٍ
And indeed, you are of a great moral character.
(ဧကန်အမှန် အသင်သည် ကိုယ်ကျင့်တရား အရာ၌ အမွန်မြတ်ဆုံးဖြစ်သည်။)
ကုရ်အာန်တွင် ထိုကဲ့သို့ တမန်တော်မုဟမ္မဒ်(ဆွ)အား ဒုတိယနာမ်စားသုံး၍ တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်က ”အသင်သည် ကိုယ်ကျင့်တရား အရာ၌ အမြင့်ဆုံးဖြစ်သည်။” ဟူသောအချက်သည် တမန်တော်မုဟမ္မဒ်ကဲ့သို့ (သို့မဟုတ်) တမန်တော် မုဟမ္မဒ်ထက်သာပို၍ ကိုယ်ကျင့်တရား ကောင်းသူဟူ၍ မရှိနိုင်ပေ။ ထိုကဲ့သို့ပင် ကုရ်အာန် ၂၁း၁ဝ၇ တွင်-
وَمَا أَرْسَلْنَاكَ إِلَّا رَحْمَةً لِّلْعَالَمِينَ
And We have not sent you, [O Muhammad], except as a mercy to the worlds.
”ငါအရှင်သည်အသင့်အား စကြဝဠာ အနန္တအဖို့ ဂရုဏာရှင် အဖြစ်နှင့်သာ စေလွှတ်ခဲ့ ခြင်း ဖြစ် သည်။”
ကုရ်အာန်တွင် တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်က မိမိကိုယ်မိမိ ”ရဗ်ဗွလ်အာလမီးန်” စကြဝ ဠာအနန္တကို ဖန်ဆင်းပြုစုပျိုးထောင်တော်မူသောအရှင်ဟုသုံးစွဲ၍ တမန်တော်မုဟမ္မဒ်(ဆွ) အား ‘ရဟ်မ သွလ်လိလ်အာလမီးန်’စကြဝဠာအနန္တအတွက်ကရုဏာရှင်ဟုသုံးစွဲဖေါ်ပြ ထားသည်။ တမန်တော်မုဟမ္မဒ်တွင် ထိုကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ အရည်အချင်းများ တည်ရှိနေသည့်အတွက် ဆက်လက်၍၊ ကုရ်အာန် ၃၃း၂၁ တွင်
لَّقَدْ كَانَ لَكُمْ فِي رَسُولِ اللَّهِ أُسْوَةٌ حَسَنَةٌلِّمَن كَانَ يَرْجُو اللَّهَ وَالْيَوْمَ الْآخِرَ وَذَكَرَ اللَّهَ كَثِيرًا
There has certainly been for you in the Messenger of Allah an excellent pattern for anyone whose hope is in Allah and the Last Day and [who] remembers Allah often.
(ဧကန်မလွဲ အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ကြောက်ရွံ့သည့်ပြင် အလ္လာဟ်အရှင်မြတ်အား များစွာ အောက်မေ့တ,သ, သတိရလျက်ရှိ သူ ၏အဖို့ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ်၌ မွန်မြတ်လှစွာသော စံနမူနာသည်ရှိပေသည်။)ဟူ၍ ထပ်ဆင့် ပြဌာန်းထားသည်။
ကုရ်အာန်တွင် ဖေါ်ပြထားသော လူသားတစ်ရပ်လုံး စံထားရမည့် တမန်တော်၏မွန် မြတ်လှသော အရည်အချင်းများစွာမှ အနည်းငယ်ကိုသာ တင်ပြခြင်းဖြစ်သည်။ တမန်တော်၏ခံယူချက် ရပ်တည်ချက်နှင့် ဘဝတည်ဆောက်မှုများကို ကုရ်အာန်၏ဖေါ်ပြချက်များမှ ကုရ်အာန်၇း၂ဝ၃-ပါဖေါ်ပြချက် တစ်ခုတည်းနှင့်ပင် တမန်တော်၏ဘဝတည်ဆောက်မှုလမ်းစဉ်ကို ကွက်ကွက် ကွင်းကွင်း မြင်တွေ့နှိုင်ပေသည်။
(အို-တမန်တော်) ၄င်းတို့အား အသင်ဤသို့ ပြောကြားပါလေ၊ (အချင်းတို့) ငါသည်ငါ၏ အရှင်ထံမှ ဗျာဒိတ်အဖြစ် ချပေးခဲ့သော ကုရ်အာန်အတိုင်းသာ ဖဝါးထပ်တူလိုက်နာကျင့်သုံး ဘ ဝတည်ဆောက်သူဖြစ်သည်။ ထိုကုရ်အာန်သာလျင် အသင်တို့၏ အရှင်ထံမှ သက်သေလက္ခဏာဖြစ်သည်။ ထို့ပြင်သက်ဝင်ယုံကြည် သူများအတွက် ဘဝလမ်းညွှန်မှုနှင့် ကရုဏာလည်း ဖြစ် သည်။)
ကုရ်အာန်ကျမ်းမြတ်၏ ထိုဗျာဒိတ်တစ်ခုတည်းကို စဉ်းစားဆင်ခြင် ခြင်းဖြင့်ပင်၊ တမန် တော်၏ ဘဝတည်ဆောက်မှု လမ်းစဉ်သည် ကုရ်အာန်ပြ စနစ်ဇယား နှင့်ထပ်တူထပ် မျှ တစ်သွေးတည်း တစ်သားတည်း ဖြစ်နေသည်။ တမန်တော်နှင့် ကုရ်အာန်သည် ခွဲခြားရှု မြင်၍ မရသော ဒင်္ဂါးပြား တစ်စေ့၏ ခေါင်းနှင့်ပန်း ပမာကဲ့သို့ ဒွန်တွဲ တည်ရှိ နေ သည်။
သို့ရာတွင်များစွာသော မွတ်စလင်မ်ဆရာတော်ကြီးများ၏ မွတ်စလင်မ်များအတွက်ဘဝ လမ်းညွှန်ကျမ်းကြီးများတွင်ပါဝင်သည့် တမန်တော်၏ရပ်တည်ချက်၊ခံယူချက်နှင့် ဘဝ တည်ဆောက် မှု ပုံစံများသည်၊ ကုရ်အာန်တွင် တည်ရှိနေသော တမန်တော်၏ ရပ်တည် ချက်ခံယူချက်နှင့် ဘဝတည်ဆောက်မှုပုံစံများမှာ လုံးဝဥဿုံကွဲပြားဆန့်ကျင်နေသည် ကိုတွေ့ရပေသည်။ ကုရ်အာန် ပါ တမန်တော်နှင့် လူသားပညာရှိ မွတ်စလင်မ် ဆရာတော် ကြီးများ၏ လူရေးကျမ်းကြီးများ တွင်ပါဝင်သော တမန်တော်၏ ကွဲပြားခြားနား ချက်တို့ကို ယှဉ်တွဲဖေါ်ပြ ပါမည်။
အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ဦးစိုးလွင် (ငြိမ်းချမ်းလျှပ်စစ်)















3 Comments
Kyaw Kyaw Soe says:
Welcome..!
I want to read more.
From my point of view,this also finding for the truth.
By the way,I want to read weekly two times.
Thanks
10 Jul 10 @ 1am
AHNAF says:
thank you very much..
you pin point the true Koranic life of Prophet..
ကုရ်အာန် ကျမ်းမြတ်၏ ထိုဗျာဒိတ် တစ်ခုတည်းကို စဉ်းစားဆင်ခြင် ခြင်းဖြင့်ပင်၊ တမန် တော်၏ ဘဝတည်ဆောက်မှု လမ်းစဉ်သည် ကုရ်အာန်ပြ စနစ်ဇယား နှင့်ထပ်တူထပ် မျှ တစ်သွေးတည်း တစ်သားတည်း ဖြစ်နေသည်။ တမန်တော် နှင့် ကုရ်အာန်သည် ခွဲခြား ရှု မြင်၍ မရသော ဒင်္ဂါးပြား တစ်စေ့၏ ခေါင်းနှင့်ပန်း ပမာကဲ့သို့ ဒွန်တွဲ တည်ရှိ နေ သည်။
14 Jul 10 @ 7pm
ကျာကျာကြီး says:
စလာမ်
သာသနာ့ရဲဘက်ကြီးရဲ့ ဆိုက်ကိုလာရောက်လည်ပတ် ဖတ်ရှုသွားပါတယ်။
ကျာကျာကြီး
19 Jul 10 @ 6am
Write comment