ကုရ်အာန့် သုတ » history of human

ကုရ်အံမှ ပြောသော လူ့သမိုင်း- လူ့အဖွဲ့အစည်း
ကျွန်ုပ်တို့ အစ္စလာမ် သာသနာဝင်များသည် သက်ဦးဆံပိုင်ဘုရင်များ၊ အာဏာရှင်အစိုးရများနှင့် ကိုလိုနီခေတ် အဆက်ဆက်အောက်တွင် နှစ်ပေါင်း ထောင်နှင့်ချီ၍ နေထိုင်ခဲ့ရသောကြောင့် မိမိတို့ သက်ဝင်ယုံကြည်နေသော ကျမ်းမြတ်ကုရ်အံကိုပင်- သမ္မာကျမ်းစာမှုပြု နားလည် လက်ခံ ထားကြ သည်ကို ရင်နင့်စွာ တွေ့ရှိရပေသည်။

သမ္မာကျမ်းစာတွင် လူ့သမိုင်းဟု မှတ်တမ်းစတင်သည်မှာ အာဒံ နှင့် ဧ၀ မှ ဖြစ်၍။ အစ္စလာမ် သာသ နာဝင်များက လည်း ထိုအတိုင်းပင် နားလည်ထားပေတော့သည်။သမ္မာ ကျမ်းစာပါ ကောက် နှတ်ချက် အရ ပြန်တွက်သော် ကမ္ဘာ့ ပထမဦးဆုံးဟု သတ်မှတ်သော အာဒံသည်ပင် နှစ်ပေါင်း ၆၀၀၀ ကျော်မျှသာ ရှိနေသေးသည်။ သို့သော် တောင်အမေရိကတိုက်ဝင် ကိုလံဘီယာရှိ ဘိုဂိုတို ဟူသော အရပ်တွင် ဘီစီ ၁၀၀၀၀ ပတ်ဝန်းကျင် (သမ္မာကျမ်းစာပါ အာဒံ မပေါ်မှီ နှစ်ပေါင်း ၄၀၀၀) ခန့်ကပင် စုပေါင်းနေ မုဆိုးအသိုင်းအ၀ိုင်း ရှိနေခဲ့သည်ဟူသော မနုဿဗေဒပညာရှင်များ၊ ကမ္ဘာ့သမိုင်း သုတေသီများ၏ အဆိုကိုလည်း- ထိုလူများက ဘုရားသခင်ထက် သိရဲ့လားဟု ခံငြင်းနေသော ပညာတတ်ဆိုသူများ ရှိနေသေး ပေသည်။

မည်သို့ဆိုစေ- မည်တစ်ဦးတစ်ယောက်၏ ယုံကြည်မှုကိုမျှ မစောကြောလိုပါ။ လွတ်လပ်စွာ ယုံကြည်ခွင့် ရှိသည် ဟုသာ သတ်မှတ်ပေးရမည် ဖြစ်သည်။ ကျွန်ုပ်တင်ပြလိုသည်မှာ အစ္စလာမ် သာသနာဝင်တို့ လက်ခံယုံကြည်ထားသော ကုရ်အံကျမ်းစာ အကြောင်းသာ ဖြစ်သည်။ ကုရ်အံတွင်- ကမ္ဘာ့လူသားသမိုင်းနှင့် ပတ်သက်၍

هَلْ أَتَى عَلَى الْإِنسَانِ حِينٌ مِّنَ الدَّهْرِ لَمْ يَكُن شَيْئًا مَّذْكُورًا۞

လူသား တို့ အပေါ်သို့ သတိရစေရန် စိုးစဉ်းမျှ မရှိသော ခေတ်ကာလ အချိန်အား ပေးရောက်ခဲ့သည် မဟုတ် လော။ ဟု ၇၆း ၁ တွင် ဆိုထားပေသည်။ ဆိုလိုသည်မှာ လူသားတို့ အနေဖြင့် သမိုင်းတင်၍ မထားခဲ့သော အချိန်ကာလ၊ သမိုင်း လူမျိုးနွယ်သည် ရှိနေခဲ့သည် ဆိုခြင်းကို တိတိကျကျ ပြောဆိုခြင်း ဖြစ်ပေသည်။

အလျှဉ်း သင့်၍ တင်ပြရသော်- ကုရ်အံကျမ်းစာ၌ အာဒံ ဟူသည် ကမ္ဘာ့ပထမ ဦးဆုံးလူသားဟု မည်သည့်နေရာ တွင်မှ ဆိုမထားပေ။ ထိုအာဒံ ဟူသော အမည်နာမကို ဖေါ်ပြသည့် နေရာတိုင်းတွင် အာဒံ နှင့် တွဲဆက်၍ الْجَنَّةَ (ဂျနာတ်) ဥယျာဉ်ဟူသည့် စကားလုံးအား အမြဲဖေါ်ပြလေ့ ရှိသည်ကိုသာ တွေ့ရပေသည်။ တနည်းအားဖြင့် အာဒံသည် လူသားများ အခြေတကျနေထိုင်သည့် စိုက်ပျိုးရေး ခေတ်တွင် မွေးဘွားလာသူ ဖြစ်သည်ဟု ဆိုခြင်း ဖြစ်သည်။ သူ့အား جَاعِلٌ فِي الأَرْضِ خَلِيفَةً မြေကမ္ဘာ၌ သမ္မတမင်း ခန့်အပ်ပေးသည်ဟုလည်း ၂း၃၀ တွင်ဆို သည်။ အာရ်ဗီစကား ခလီဖာဟ် خَلِيفَةً ဆိုသည်မှာ လူထုအား ကိုယ်စားပြုသည့် ကိုယ်စားလှယ်၊ သို့မဟုတ် သမ္မတ ဟူသော ဘွဲ့ပင် ဖြစ်သည်။ အာဒံနှင့် ဧ၀ တည်းဟူသော လင်မယားနှစ်ဦး ဖွဲ့စည်းသည့် လင်မယား အဖွဲ့ အစည်းမှ အိမ်ထောင်ဦးစီးဘွဲ့ وَكيل ၀ကီးလ် မဟုတ်ချေ။ သမ္မတဖြစ်ရန် တိုင်းပြည်၊ လူ့အဖွဲ့အစည်းနှင့် ခေတ် ကာလ အလျှောက် ဖွဲ့စည်းပုံ ဥပဒေများ လိုအပ်ပေသည်။ ထို့ကြောင့် အာဒံ ဆိုသည်မှာ ကုရ်အံကျမ်းစာ အရ လူသားများ တစ်နေရာ တည်း ၌ အခြေချနေထိုင်သော လူ့အဖွဲ့အစည်းအတွက် ပထမဦးဆုံး သမိုင်းတွင်သည့် ခေါင်းဆောင်ပင် ဖြစ်တော့သည်။ ဥပမာအားဖြင့်- မြန်မာနိုင်ငံမှ အနော်ရထာမင်းကဲ့သို့ ဖြစ်သည်။ အနော်ရထာ မတိုင်မှီကပင် မြန်မာနိုင်ငံ၌ လူသားများ ရှိနေခဲ့သော်လည်း၊ နော်ရထာသည် မြန်မာနိုင်ငံတည်းဟူသော ဧရိယာ အား စတင် သတ်မှတ်၍ ပထမဦးဆုံး ထူထောင်ခဲ့သူသာ ဖြစ်သည်။

ကျွန်ုပ်တို့၏ နားလည်မှုအား သမ္မကျမ်းစာမှု ပြုထားသည့် နားလည်မှုများ မဖြစ်သင့်ပေ။ ကျွန်ုပ်တို့သည် ခရစ် ယာန်များ ပြောဆိုသကဲ့သို့ ဓမ္မဟောင်းကျမ်းကို လိုက်နာနေသူများ မဟုတ်၊ နောက်ဆုံးပွင့် ဉာဏ်စဉ်ဆောင်၏ ဉာဏ်စဉ်သိ ဓမ္မအား မှတ်တမ်းတင်ထားသည့်- အတိမ်းအစောင်း၊ အဖိတ်အစင် မရှိသော ကုရ်အံကျမ်းတော် အား နှလုံးပိုက်လိုက်နေသည်ဟူကို မေ့မထားအပ်ချေ။

ကျမ်းမြတ်ကုရ်အံတွင် အာဒံ၏ ဇနီးဖြစ်သူသည် ဧ၀ ဖြစ်သည်ဟုလည်း လုံးဝ ဆိုမထားပေ။ အလားတူပင် သမ္မာ ကျမ်းစာတွင် ဖေါ်ပြမထားသော ဉာဏ်စဉ်ဆောင်များ ဖြစ်သည့် (ဗုဒ္ဓဂေါတမ) ذَا الْكِفْلِ ဿာလ်ကဖ်လိ၊ ကာနိုင် မင်းကြီး ذِي الْقَرْنَيْنِ ဿီးလ်ကာရ်နိုင်းန်-နှင့် လု(က်)မန် لُقْمَانُ (အပြောအဟောကောင်းသူ) ဟူသည့် ကိုယ် တော်တို့၏ အမည်နာမများလည်း မပါဝင်ချေ။ သမ္မာကျမ်းစာ၏ ဖေါ်ပြချက်များမှာ ယခုခေတ် ကမ္ဘာ့ အရှေ့ အလယ်ပိုင်းဟု သတ်မှတ်ထားသော (ခါနန်ပြည်) ဒေသတွင် ပွင့်ပေါ်ခဲ့သည် ဉာဏ်စဉ်ဆောင်များကိုသာ ဖေါ်ပြ ထားခြင်း ဖြစ်၍၊ ကျမ်းမြတ်ကုရ်အံကမူ ကမ္ဘာ တစ် ခုလုံး၌ လူမျိုးရှိသမျှတွင် ဉာဏ်ဆောင် မပွင့်ပေါ်ခဲ့သော လူမျိုး ဟူ၍ မရှိဟု အတိအကျ ဆိုထားပေသည်။ (၁၀း၄၇။ ၃၅း၂၄)။ ထိုဥပဒေများအရ- အာရှ-အာဖရိတိုက်သာ မက တောင် အမေရိက၊ မြောက်အမေရိက တိုက်များတွင်လည်း ဉာဏ်စဉ်ဆောင်များ ပွင့်ပေါ်ခဲ့ကြောင်း အတည်ပြု ပေးလျှက် ရှိနေသည်။

ဦးဌေးလွင်ဦး (မူဖာဆွေရို ကုရ်အံ- ဘီအေ မြန်မာစာ- ရန်ကုန်တက္ကသိုလ်၊ အေအေ မီဒီယာမားကက်တိန်း- နယူးယောက်၊)

Buddhism, Christnity & Islamic Scholar